ပြည်သူ့ခုခံတွန်းလှန်စစ် (၆) လပြည့် အစီရင်ခံစာ

လေးစားဂုဏ်ပြုအပ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများနဲ့ ပြည်သူများခင်ဗျား –      

၁။      အခုဆိုရင် (၂၀၂၁) ခုနှစ် စက်တင်ဘာလ (၇) ရက်ကနေ စတင်ဆင်နွှဲခဲ့တဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်ဟာ  (၆) လ တင်းတင်း ပြည့်​မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

၂။       ဒီအချိန်မှာ ပထမဆုံး ဂုဏ်ပြုရမယ့်သူက စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ပြတ်သားတဲ့ သန္နိဋ္ဌာန်နဲ့ ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) နဲ့ ပြည်သူ့​တော်လှန်​ရေးရဲဘော်များပဲ ဖြစ်တယ်။ ဒုတိယ ဂုဏ်ပြုရမည့် သူ​ကတော့  စစ်အာဏာရှင်‌စနစ်အောက် ခေါင်းငုံ့မခံစတမ်း၊ လည်စင်းမခံစတမ်း PDFရဲ​ဘော်များနဲ့အတူ  ကြံ့ကြံ့ခံ ရပ်တည်ပြီး အားပေး ထောက်ခံ ကူညီကြရုံသာမက ကိုယ်တိုင်လည်း သပိတ်တိုက်ပွဲတွေ၊ လူထုတိုက်ပွဲတွေကို ပုံစံမျိုးစုံနဲ့ ဆင်နွှဲနေကြတဲ့ ပြည်သူလူထုကြီး တရပ်လုံးကိုပဲ ဖြစ်ပါတယ်။ ဒီတော်လှန်ရေးအတွင်း အသက်စွန့်ခဲ့တဲ့ အာဇာနည်တွေ၊ ခြေလက်အင်္ဂါ ထိခိုက်ဆုံးရှုံးခဲ့တဲ့ သူရဲကောင်းတွေ၊ အကြမ်းဖက်စစ်အုပ်စုရဲ့ အဓမ္မ ဖမ်းဆီးခံရပြီး အကျဉ်းထောင်တွေထဲ ရောက်နေရတဲ့ ရဲ​ဘော်ရဲဘက်​တွေ အားလုံးကို ဒီနေရာကနေ လေးနက်စွာ ဦးညွှတ် အလေးပြုလိုက်ပါတယ်။

၃။      ဒီအချိန်မှာ ကျွန်တော်တို့ အားလုံးဟာ ပြည်သူ့ခုခံတွန်းလှန်စစ်ရဲ့ (၆) လတာ အတွေ့အကြုံကို ပြန်လည်သုံးသပ်ပြီး အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်ကာ ရှေ့ဆက်ရမယ့် တော်လှန်ရေးခရီးအတွက် သင့်လျော်တဲ့ အစီအစဉ်တွေ ချမှတ်သွားကြဖို့ပဲ ဖြစ်တယ်။ ဒီတော်လှန်ရေးမှာ ကျွန်တော်တို့ ကျင့်သုံးတဲ့ မဟာဗျူဟာက “ပြည်သူ့စစ် မဟာဗျူဟာ” ပဲဖြစ်တယ်။ “ပြည်သူ့စစ် မဟာဗျူဟာ” ဆိုတာကတော့ အကြမ်းဖက် အဓမ္မဝါဒီ စစ်အုပ်စုကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန်   ပြည်သူလူထုအားလုံးရဲ့ ထောက်ခံပါဝင်မှုနဲ့အတူ နိုင်ငံရေးနည်းလမ်း၊ စစ်ရေးနည်းလမ်း၊ စိတ်ဓာတ်စစ်ဆင်ရေးနည်းလမ်း၊ လူထုတိုက်ပွဲနည်းလမ်းစသဖြင့် နည်းလမ်းပေါင်းစုံ၊ ပုံစံပေါင်းစုံကို အသုံးပြုပြီး တွန်းလှန်ဖြိုဖျက် တိုက်ခိုက်တဲ့ မဟာဗျူဟာဖြစ်တယ်။

၄။      စစ်ရေးနည်းလမ်းကို အသုံးပြုရတဲ့အခါ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ လက်မဲ့အခြေအနေက စခဲ့ကြရတယ်။ စစ်ကောင်စီက ပြည်သူလူထုအပေါ် အကြမ်းဖက် ကျွန်ပြုမှုကို ခုခံတိုက်ဖျက်ရာမှာ “လက်နက်ကိုင်တော်လှန်ရေးနည်းလမ်း” ကို ရွေးချယ်ဖို့ အခြေအနေအရပ်ရပ်က တောင်းဆိုဖန်တီးလာတာ ဖြစ်တယ်။ တိုင်းပြည်နဲ့ လူထုကို အကြမ်းဖက် ဓားမိုးအုပ်ချုပ်လိုတဲ့ ဒီစစ်မိစ္ဆာဝါဒီတွေကို ပြည်သူ​တွေ လူငယ်​တွေအနေနဲလည်း ဓားကိုင်ပြီး ပြန်လည်တွန်းလှန်ကြဖို့က သမိုင်းပေး တာဝန် ဖြစ်လာတာပါပဲ။ လက်နက်ကိုင်ကြတာချင်း တူပေမယ့် အကြမ်းဖက်စစ်အုပ်စုနဲ့ ကျွန်တော်တို့ကြား ဦးတည်ရည်ရွယ်ချက်ချင်းက အဖြူနဲ့အမည်းလို၊ မိုးနဲ့ မြေလို ကွာခြားပါတယ်။ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဟာ တိုင်းပြည်နဲ့ လူထုကို ချစ်လို့၊ ကူညီစောင့်ရှောက်ချင်လို့၊ ပြည်သူ့အသက် အိုးအိမ်ကို ကာကွယ်ချင်လို့၊ တိုင်းပြည်ကို စစ်မှန်တဲ့ “ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ” အဖြစ် တည်ဆောက်ချင်လို့ လက်နက်စွဲကိုင်ရခြင်း ဖြစ်တယ်။ ဒီလို အခြေအနေကြောင့် ရဲဘော်တို့အားလုံးဟာ အခက်အခဲများစွာထဲကနေ လက်လှမ်းမီရာ စစ်ပညာကို လေ့လာသင်ယူခဲ့ကြရတယ်။ ကိုယ့်လက်နက်ကို ကိုယ်ကိုယ်တိုင် ကြိုးစား ဖန်တီး ထုတ်လုပ်ခဲ့ ကြရတယ်။ ပြည်သူ့ခုခံတွန်းလှန်စစ်ကို တစ်ပြည်လုံးအတိုင်းအတာနဲ့ ဆင်နွှဲဖို့ အချိန်ကျရောက်တဲ့ အခါမှာလည်း ရရာလက်နက်ကိုင်စွဲပြီး အုံကြွ တော်လှန်ခဲ့ကြတယ်။

၅။      ပြည်သူများရဲ့ တော်လှန်ရေးအပေါ် ရပ်တည်ထောက်ခံမှု၊ တော်လှန်ရေးသမား လူငယ်များရဲ့ ဉာဏ်ပညာနဲ့ သူရသတ္တိဟာ ဒီတော်လှန်ရေးမှာ ကိုယ့်ဖက်က အားသာချက်တွေလို့ ဆိုရမယ်။ အခြေအနေအရပ်ရပ်ကြောင့် အချိန်တိုအတွင်း ဒုန်းစိုင်းဆိုသလို စုဖွဲ့ပြင်ဆင် ဆောင်ရွက်ခဲ့ ကြရပေမယ့် ပြည်သူ့ကာကွယ်ရေး တပ်သားတွေဟာ လက်ရုံးရည်ရော နှလုံးရည်အရာမှာပါ အကြမ်းဖက်စစ်အုပ်စုထက် အဖက်ဖက်က သာလွန်တယ်ဆိုတာကို လွန်ခဲ့တဲ့ တော်လှန်ရေးကာလ ဖြတ်သန်းမှုတွေကိုကြည့်ရင် ထင်ထင်ရှားရှား ​တွေ့နိုင်တယ်။

၆။      ကျွန်တော်တို့ အခု ဖြတ်သန်းခဲ့တဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် (၆) လတာ ကာလကို တော်လှန်ရေးရဲ့ ကနဦးအဆင့်လို့ မှတ်ယူမယ်ဆိုရင် ဒီအဆင့်မှာ PDF ရဲဘော်တွေဟာ ပျောက်ကြားစစ်၊ လှုပ်ရှားစစ်ကို ထိထိရောက်ရောက် ဖော်ဆောင်နိုင်လာကြတယ်။ ရန်သူ့အင်အားကို နေ့စဉ်နဲ့အမျှ ထိခိုက်၊ ပြုန်းတီးအောင် စွမ်း‌ဆောင်နိုင်ခဲ့ကြတယ်။ အခုဆို ကျွန်တော်တို့ PDF တွေဟာ ကျေးလက်ဒေသများစွာကို စိုးမိုးထိန်းချုပ်နိုင်ခဲ့ပါပြီ။ PDFစိုးမိုးနယ်​မြေ​တွေကို အ​ခြေပြုပြီး ကြားကာလ ပြည်သူ့အုပ်ချုပ်​ရေးအာဏာကိုလည်း စတင် တည်​ထောင်နိုင်ခဲ့ပြီ။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့အပါအဝင် တစ်နိုင်ငံလုံးက မြို့ကြီး မြို့ငယ်တွေမှာလည်း မြို့ပြ ပျောက်ကြားစစ်ကို ထိထိရောက်ရောက် ဆောင်ရွက်နေကြပါပြီ။ ခြုံကြည့်ရင် ပြည်သူ့ခုခံတွန်းလှန်စစ်ရဲ့ ကနဦးအဆင့်ဟာ ကျွန်တော်တို့ရဲ့ စစ်ရေးရည်မှန်းချက်များ အတိုင်းအတာတစ်ခုထိ ပေါက်မြောက်ရောက်ရှိခဲ့တယ်လို့ ပြောနိုင်တယ်။

၇။      ဒီအဆင့်မှာ ကျွန်တော်တို့ရဲ့ အဓိကအားနည်းချက်က ဘာဖြစ်မလဲ။  အားလုံးသိတဲ့ အတိုင်း     “ စစ်လက်နက်ခဲယမ်းမီးကျောက် ” ဟာ PDF အတွက် အဓိကအားနည်းချက် ဖြစ်တယ်။ လက်နက်တပ်ဆင် မပေးရကောင်းလားဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ပြစ်တင်ဝေဖန်ကြတာတွေလည်း နေ့စဉ်နဲ့အမျှ ကြားသိရပါတယ်၊ ဒီလို စေတနာဒေါသောနဲ့ အားမလို အားမရ ဖြစ်ကြ၊ ဝေဖန်ထောက်ပြကြတာကိုလည်း ကောင်းကောင်းကြီး လက်ခံ၊ နားလည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စစ်လက်နက်ခဲယမ်းပစ္စည်း ဝယ်ယူရေး၊ ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ ဘဏ္ဍာရန်ပုံငွေ၊ နောက်ပြီး လိုအပ်တာရဖို့ ချိတ်ဆက်ရှာဖွေရတာ၊ သယ်ယူ ဖြန့်ဝေ တပ်ဆင်ရတာ စသဖြင့် ဒီလုပ်ငန်းစဉ်ကြီးတစ်ခုလုံးဟာ အခက်အခဲပေါင်းများစွာ၊ စိန်ခေါ်ချက်များစွာကို ရင်ဆိုင်၊ ကြုံတွေ့၊ ကျော်ဖြတ်ရပါတယ်။ အခုအချိန်ထိ ကျွန်တော်တို့ဟာ ပြည်တွင်းပြည်ပ ကိုယ့်ပြည်သူတွေက ထောက်ပံ့လှူဒါန်းတဲ့ ဘဏ္ဍာရန်ပုံငွေကိုသာ အရင်းတည်ပြီးတော့ပဲ ပြည်သူ့ကာကွယ်ရေး တပ်မတော်ကို တည်ထောင်နေရတာ ဖြစ်တယ်။ ဘယ်ပြည်ပနိုင်ငံကမှ ရုပ်ဝတ္တုပစ္စည်းအကူအညီမျိုး ပေးအပ်တာမရှိသေးပါဘူး။ သို့သော် PDF အတွက် လက်နက်ခဲယမ်း မီးကျောက် အနည်းဆုံးလိုအပ်ချက်ကို မကြာခင်မှာ  ဖြည့်ဆည်းနိုင်လိမ့်မယ်လို့တော့ ပြောချင်တယ်။

၈။      အခုဆိုရင် ကျွန်တော်တို့အနေနဲ့ မဟာမိတ်များရဲ့ အကူအညီနဲ့ စစ်လက်နက်ခဲယမ်း မီးကျောက် ပမာဏတစ်ခုကို လက်လှမ်းမီထားပြီဆိုတာ သတင်းကောင်းပါးလိုတယ်။ သို့သော်၊ ဒီပမာဏဟာ PDF ရဲဘော်အားလုံးကို လူတိုင်းစေ့ တပ်ဆင်ပေးနိုင်ရေးဆိုတာနဲ့တော့ အများကြီး အလှမ်းဝေးနေဆဲဖြစ်တယ်ဆိုတာကို ဝန်ခံရပါမယ်။ ကျွန်တော်တို့အနေနဲ့ စစ်ရေးစစ်ရာကိစ္စအတွက် မြန်မာပြည်မှာ ခုခံတော်လှန်စစ်ကို နှစ်ပေါင်းများစွာ အတွေ့အကြုံရှိထားကြပြီး လက်ရှိ ခုခံတော်လှန်စစ်မှာလည်း တာဝန်ယူဦးဆောင်နေကြတဲ့ စစ်ရေးခေါင်းဆောင်ကြီးတွေနဲ့အတူ ရေးဆွဲချမှတ်ထားတဲ့ စစ်မဟာဗျူဟာ၊ စစ်ရေးစီမံချက်တွေနဲ့အညီ ဆောင်ရွက်နေတာ ဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ လိုသလောက် မရနိုင်သေးဘဲ အကန့်အသတ်နဲ့သာ ရှိနေသေးတဲ့ စစ်လက်နက်ခဲယမ်းတွေကို  စစ်မဟာဗျူဟာ စီမံချက်တွေအရ အရေးပါတဲ့ နယ်မြေဒေသတွေကို အဆင့်ဆင့် ပိုင်းခြားသတ်မှတ်ပြီး ဦးစားပေး အစီအစဉ်အတိုင်း စနစ်တကျ ဖြန့်ဝေတပ်ဆင်မှုတွေကို ဆက်တိုက်ဆောင်ရွက်နေတယ်။ လက်နက်ခဲယမ်းမီးကျောက် ရရှိရေး ပုံစံမျိုးစုံနဲ့ အကူအညီ ပေးခဲ့ကြတဲ့ မဟာမိတ်အဖွဲ့အစည်းများ၊ ဘဏ္ဍာငွေ ထည့်ဝင်လှူဒါန်းကြတဲ့ ပြည်တွင်းပြည်ပ ပြည်သူများအားလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်း တစ်ပါတည်း  ပြောလိုပါတယ်။

၉။     ဒီနေရာမှာ မြေပြင်ရဲဘော်များကို တစ်ခါတည်း တိုက်တွန်းလိုတာက လက်နက်ခဲယမ်း အင်အား မပြည့်စုံသေးတဲ့ ဒေသတွေက     ရဲဘော်များအနေနဲ့    မလိုအပ်ဘဲ  ကိုယ့်ရဲ့ အင်အားကိုအပွန်းအပဲ့မဖြစ်ရလေအောင် သတိကြီးကြီး၊ ဉာဏ်ကြီးကြီးနဲ့ စစ်ရေးလှုပ်ရှားမှုကို ဆောင်ရွက်ကြဖို့ ဖြစ်တယ်။ PDF ရဲဘော်တို့ဟာ စစ်မိစ္ဆာတွေကို ရင်ဆိုင်‌တိုက်ပွဲဝင်ရာမှာ ဉာဏ်နဲ့ချင့်ချိန် ဆောင်ရွက်ဖို့ လိုပါမယ်။ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ရန်သူဟာ  ရုပ်ဝတ္ထုပစ္စည်းအရ တစ်စုံတစ်ရာ အင်အားရှိ​နေ​သေးတဲ့အပြင် လူသားဆန်ခြင်း အလျဉ်းမရှိ၊ လူစိတ်ပျောက်နေတဲ့ အရိုင်းအစိုင်းများ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မိမိရန်သူကို လိုတာထက်ပိုပြီး အထင်မကြီးသင့်သလို အထင်မသေးမိဖို့လည်း လိုပါမယ်။

၁၀။    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအတွက် ပြည်တွင်းပြည်ပ ပြည်သူများက ထောက်ပံ့လှူဒါန်းတဲ့ ရန်ပုံငွေ ရရှိမှုနဲ့ သုံးစွဲမှု အခြေအနေကို တစ်ပါတည်း အသိပေးလိုပါတယ်။ ဒီကနေ့အထိ ပြည်သူများရဲ့ လှူဒါန်းကူညီမှုများအရ ကျွန်တော်တို့အနေနဲ့ အမေရိကန်ဒေါ်လာ သန်း (၃၀) ကျော် ရရှိခဲ့ပြီး၊ ဒီရန်ပုံငွေအားလုံးရဲ့ (၈၅) ရာခိုင်နှုန်းကို စစ်လက်နက်ခဲယမ်းပစ္စည်း ဝယ်ယူမှုနဲ့ ထုတ်လုပ်မှုအတွက် အသုံးပြုခဲ့တာ ဖြစ်တယ်။ ခုခံတွန်းလှန်စစ်မှာ အတူလက်တွဲ​ဆောင်ရွက်နေကြတဲ့ ကျွန်တော်တို့ မဟာမိတ်များ လက်နက်ခဲယမ်းမီးကျောက် ဖြည့်တင်းနိုင်ဖို့နဲ့ အခြားလိုအပ်တဲ့ အသုံးစရိတ်များအတွက် ဒီရန်ပုံငွေရဲ့ (၇) ရာခိုင်နှုန်းကို မျှဝေသုံးစွဲခဲ့တာလည်း ရှိတယ်။ ကျွန်တော်တို့ ရှာဖွေရရှိထားတဲ့ စစ်လက်နက်ခဲယမ်းပစ္စည်းများကို အရင်းတည်ကာ ဗျူဟာမြောက် အလုပ်လုပ်ကြပြီး အရေးကြီးတဲ့ အောင်ပွဲတွေကို ရယူနိုင်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်တယ်။

၁၁။    ဒီနေရာမှာ ရန်သူ့ဘက်က ကျင့်သုံးလာတဲ့ ဗျူဟာအ​ပြောင်းအလဲ အခင်းအကျင်းကိုလည်း ကျွန်တော်တို့ သတိပြုဖို့ လိုတယ်။ စစ်မြေပြင်မှာ PDF နဲ့ မဟာမိတ်များကြောင့် အဖက်ဖက်က အထိနာလာတဲ့ စစ်ကောင်စီဟာ အစွမ်းကုန် အကြမ်းဖက်စစ်ဗျူဟာကို ကျင့်သုံးလာတာ တွေ့ရမယ်။ သူတို့ရဲ့ ပစ်မှတ်က အရပ်သား ပြည်သူတွေကိုပဲ။ ပြည်သူတွေကို အကြမ်းဖက် နှိပ်စက် သတ်ဖြတ်တဲ့ ဗျူဟာပဲ။ ရည်ရွယ်ချက်ကတော့ ပြည်သူတွေအနေနဲ့ PDF ကို ထောက်ခံမှု မပြုရဲဖို့၊ PDF နဲ့ ပြည်သူကို အဆက်ဖြတ်ဖို့၊ ပြည်သူကို အကြောက်တရားသွင်းပြီး သူတို့ကို ကျိုးနွံလာအောင် လုပ်ဖို့ ဆိုတာ ထင်ရှားတယ်။ သူရဲ့ မြေပြင်တပ်ရင်းတပ်ဖွဲ့တွေ  လုံးဝ အလုပ်မဖြစ်၊ အကျအဆုံးများလာတာကို သဘောပေါက်တဲ့ အကြမ်းဖက်စစ်အုပ်စုဟာ လေကြောင်းနဲ့ လက်နက်ကြီးကို တွင်တွင်ကျယ်ကျယ် သုံးလာတာ တွေ့ရမယ်။ PDF တွေကိုသာမက အရပ်သားပြည်သူတွေ၊ ကျေးရွာတွေကိုပါ လေကြောင်းအသုံးပြုပြီး တိုက်ခိုက်တာ၊ ရုတ်တရက် ​လေ​ကြောင်းက ဝင်ရောက်စီးနင်းတာ ခပ်စိတ်စိတ် လုပ်လာတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ သူတို့ အသုံးပြုနေကျဖြစ်တဲ့ အကုန်သတ်၊ အကုန်မီးရှို့၊ အကုန်ဖျက်ဆီးဆိုတဲ့ “မြေလှန်စနစ်” ကို တောက်လျောက်ကျင့်သုံးနေတာကို တွေ့ရပါမယ်။ ရန်သူက အကြမ်းဖက်စစ်ဗျူဟာကို အသုံးပြုချိန်မှာ PDF များအနေနဲ့လည်း အရပ်သား ပြည်သူတွေရော၊ ကိုယ့်အင်အားကိုပါ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်ဖို့ သင့်လျော်တဲ့ နည်းဗျူဟာများကို  ဉာဏ်ပါပါနဲ့ လိုက်လျောညီထွေ ကျင့်သုံးကြဖို့ အ​ရေးကြီးပါတယ်။

၁၂။     တော်လှန်ရေးတစ်ခုဟာ နေ့ချင်းညချင်း အောင်မြင်ဖို့ စိတ်ကူးမယဉ်အပ်သလို၊ တော်လှန်ရေး ရေချိန်လျော့မသွားဖို့၊ ​တော်လှန်​ရေး ဇာတ်​မျောမသွားဖို့အတွက်လည်း အထူး လုံ့လစိုက်ထုတ်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ ပြည်သူများကလည်း တော်လှန်ရေးအတွက် တလက်မမှ နောက်မဆုတ်ဘူး၊ သွေးမအေးဘူး၊ သွေးမကြောင်ဘူး၊ သွေးမကွဲဘူးဆိုတဲ့ ခိုင်မြဲတဲ့ ဇွဲ၊ သတ္တိ၊ လုံ့လ၊ ဝီရိယနဲ့အတူ နေ့စဉ်နဲ့အမျှ တော်လှန်ခရီးကို ရှေ့ဆက်ချီတက်နေကြမယ်လို့လည်း ယုံကြည်ပါတယ်။

၁၃။    ကျွန်တော်တို့ ဆင်နွှဲနေတဲ့ တော်လှန်ရေးဟာ မြန်မာနိုင်ငံအတွက် သမိုင်းအလှည့်အပြောင်းကို ဖန်တီးမယ့် တော်လှန်ရေးဖြစ်ပါတယ်။ ဒီတော်လှန်ရေးမှာ ပါဝင်ခွင့်ရခြင်းဟာ PDF ရဲဘော်များအပါအဝင် ကျွန်တော်တို့ အားလုံးအတွက် ဂုဏ်ယူစရာ ဖြစ်ပါတယ်။ တော်လှန်ရေး မအောင်မချင်း အဆုံးအထိ သွားမယ်ဆိုတဲ့ စိတ်ဒုံးဒုံးချထားနိုင်ဖို့ အရေးကြီးပါတယ်။ တစ်ဦးချင်းရဲ့ နိုင်ငံရေးခံယူချက်နှင့် စိတ်ဓာတ်ခိုင်မာမှု အထူး လိုအပ် ပါတယ်။ လက်ရှိအချိန်မှာ အကြမ်းဖက် စစ်အုပ်စုက ​လော​လောဆယ် ရုပ်ဝတ္တုအင်အား (Material Resources) အရ ကျွန်တော်တို့ထက် သာလွန်တယ်ဆိုပေမယ့် ကျွန်တော်တို့ PDF ရဲဘော်တွေ၊ ပြည်သူတွေရဲ့ မဆုတ်မနစ်တဲ့ ဇွဲသတ္တိနဲ့ ဉာဏ်ပညာကို မုချ ဒူးထောက် အရှုံးပေးရမှာ ဖြစ်ပါတယ်။

၁၄။    PDF ဟာ ဒီနေ့ ပြည်သူများရဲ့ မျှော်လင့်ချက်ဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ အဓိက မောင်းနှင်အားလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် PDF ရဲဘော်များအနေနဲ့ ပြည်သူ အကြည်ညို ပျက်စေမယ့်၊ ပြည်သူနဲ့ ဆန့်ကျင်တဲ့ အပြုအမူ၊ အပြောအဆိုများကို လုံးဝ သတိပြုဆင်ခြင်ကြဖို့ တိုက်တွန်းလိုပါတယ်။ “ ပြည်သူနဲ့ ပျောက်ကြား၊ ရေနဲ့ ငါး ” ဖြစ်တယ်။ ရေမရှိဘဲ ငါးဟာ အသက်ရှင်၊ နေထိုင်လို့ မဖြစ်နိုင်ဘူး၊ ပြည်သူ့ထောက်ခံကူညီမှုမရှိဘဲ PDF ဟာ မရပ်တည်နိုင်ဘူးဆိုတာကို လေးလေးနက်နက် သတိချပ်ကြဖို့ မှာကြားလိုတယ်။

၁၅။    ယခု ၂၀၂၂ ခုနှစ်ဟာ ကျွန်တော်တို့ ပြည်သူ့တော်လှန်ရေးအတွက် အဆုံးအဖြတ်ကျ၊ အရေးပါတဲ့နှစ် ဖြစ်ပါတယ်။ အင်္ဂလိပ်လက်အောက်ကနေ လွတ်လပ်ရေးရချိန်က စတွက်မယ်ဆိုရင် (၇၅) နှစ်ကျော်အချိန်တွင်းမှာ ဆိုက်ဆိုက်မြိုက်မြိုက် ကြုံကြိုက်ရရှိလာတဲ့ “ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ”  တည်ဆောက်ရေး အခွင့်အရေးကောင်းကြီးဟာ ကျွန်တော်တို့သာ ဝိုင်းဝန်း ကြိုးပမ်းကြမယ်ဆိုရင် လက်တကမ်းမှာ ရှိနေပြီ ဖြစ်တယ်။

၁၆။    ဒါ့ကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံတကာအရေး အဖက်ဖက်က အထိနာနေတဲ့ အကြမ်းဖက်စစ်ကောင်စီကို အသက်ရှုပေါက်မပေးဘဲ ပုံစံမျိုးစုံနဲ့ တရစပ်ဖိအားပေး တိုက်ခိုက်နိုင် ကြဖို့ဆိုရင် တော်လှန်ရေး အင်အားစုတွေရဲ့ “သွေးစည်းညီညွတ်စုစည်းမှု” ဟာ အထူးအရေးကြီး တဲ့အတွက် PDF အလံတော်အောက်မှာ အားလုံးစုရုံးကြဖို့လည်း နှိုးဆော်ချင်ပါတယ်။ ကျွန်တော်တို့ ပြည်သူ့တော်လှန်ရေး အလျင်အမြန် အောင်မြင်ရေးအတွက်ဆို “ ဘဏ္ဍာရန်ပုံငွေ ” ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတာကိုလည်း    ပြည်သူများ သိရှိပြီး    ဖြစ်ပါလိမ့်မယ်။ ပြည်သူ့တော်လှန်ရေးရဲဘော်တွေ အဓိက လိုအပ်နေတဲ့ စစ်လက်နက်ခဲယမ်းပစ္စည်းတွေကို ဒီထက်ပိုပြီး ရရှိတပ်ဆင်နိုင်ရေးအတွက်လည်း ပြည်တွင်းပြည်ပ ပြည်သူများ၊ လုပ်ငန်းရှင်များ၊ ငွေကြေးဓန တတ်စွမ်း နိုင်သူများအနေနဲ့လည်း ဆထပ်ထမ်းပိုး တိုးပြီး ကူညီထောက်ပံ့ပေးကြဖို့လည်း မေတ္တာရပ်ခံပါတယ်။

ပြည်သူ့အရေးတော်ပုံ အောင်ရမည် ”

ရည်မွန်

ပြည်ထောင်စုဝန်ကြီး

ကာကွယ်ရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

Share on facebook
Share
Share on twitter
Share
Share on linkedin
Share